ကြယ်တွေကြွေမည့်… တန်ဆောင်မုန်းလပြည့်ည အကြောင်း

ကြယ်တွေကြွေမည့်… တန်ဆောင်မုန်းလပြည့်ည အကြောင်း

ကလေးစာပေပွဲတော်တစ်ခုမှာ တတိယတန်း ကလေးတစ်ယောက်ကို “ကမ္ဘာမှာ လ ဘယ်နစင်းရှိသလဲ” လို့မေးကြည့်တော့.. (၄) စင်းလို့ဖြေပါတယ်။ “လဆန်းရယ်၊ လပြည့်ရယ်၊ လဆုတ်ရယ်၊ လကွယ်ရယ်” ပါတဲ့.. ။

ကလေးကို.. “အဲ့ဒါ.. လ တစ်စင်းတည်းကို ပုံစံအမျိုးမျိုးနဲ့မြင်ရတာပါ” လို့ သင်ထောက်ကူပစ္စည်းလေးနဲ့ ပြန်ရှင်းပြခဲ့ပါတယ်။ နားလည်သွားမယ့်လို့တော့.. ခန့်မှန်းယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ်.. လဆန်း၊ လဆုတ်၊ လပြည့်ဆိုတာလေး သူ့ခေါင်းထဲမှာ စွဲကျန်နေတာ ကောင်းတဲ့အချက်ပါ။ ပြန်ပြီးတည့်မတ်ပေးလိုက်တဲ့အခါ အဆင်ပြေသွားခဲ့ပါတယ်။

တန်ဆောင်မုန်းလပြည့်ဟာ နေရဲ့ ဆန့်ကျင်ဘက်အရပ် တည့်တည့်ကို လမင်းရောက်ရှိနေချိန့်ဖြစ်ပါတယ်။ ပုဂံခေတ်မှာ ဒီလပြည့်ကို “တန်ဆောင်မှုန်” လို့ခေါ်ကြပါတယ်။ ဟိန္ဒူရိုးရာ နတ်ကိုးကွယ်ယုံကြည်မှုတွေ သိပ်များခဲ့တဲ့ ပုဂံခေတ်မှာ မီးနတ်မင်းအစိုးရတဲ့ ဖြစ်တဲ့ “ဖျောက်ဆိပ်ကြယ်စု” (ကြတ္တိကာနက္ခတ်) ကို တန်ဆောင်တိုင်မီးပူဇော်ခဲ့ကြတာဖြစ်ပြီး..၊

အရှင်အရဟံရောက်လာခဲ့ပြီးနောက် မြတ်စွာဘုရား သာသနာတော် ထွန်းကားသွားတဲ့အခါမှာတော့.. တာဝတိံသာ နတ်ပြည်မှ ဆံတော်ရှင်ကိန်းဝပ်ရာ “စူဠာမဏိ စေတီတော်” ကို ရည်မှန်းပြီး မီးပူဇော်ခဲ့ကြတာဖြစ်ပါတယ်။

အင်းဝခေတ်ရောက်တဲ့အခါမှာတော့ “တန်ဆောင်မုန်း” လို့ ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။ မြူနှင်းတွေ သိပ်ဝေလို့ တန်ဆောင်တိုင်မီးများကို မုန်းလောက်အောင်ထွန်းခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။ တန်ဆောင်မုန်းလရဲ့ ရာသီပန်းဟာ ခဝဲပန်း ဖြစ်ပြီး ဆန်းယှဉ်နက္ခတ်ကတော့.. ကြတ္တိကာပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်က အဇာတသတ်မင်းဟာ ဖခင်ကို သတ်မိခဲ့တဲ့အဖြစ်ကြောင့် စိတ်ပူပင်သောက ရောက်ခဲ့ရပြီး.. မြတ်ဘုရားထံမှ သာမညဖလ သုတ်တော် (ရဟန်းဝတ်ရခြင်းအကျိုး) ကို နာယူပြီးနောက် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့တယ်လို့လည်း မှတ်သားရပါတယ်။

အဲ့ဒါကြောင့် တန်ဆောင်မုန်းလပြည့်ကို “သာမညဖလ အခါတော်နေ့” လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်။

ဒီနှစ် (၂၀၁၉) အတွက် အမှန်တကယ် တန်ဆောင်မုန်း လပြည့်မှာကတော့ နိုဝင်ဘာ (၁၂) ရက်နေ့ ဖြစ်ပါတယ်။ (ပြက္ခဒိန်ရက်နဲ့ ၁ ရက်ကွာပါတယ်။) “သာရကောမုဒိ” ဆေးကျမ်းအရ တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ်စားခြင်းဟာ (၉၆) ပါးသော ဝေသနာတွေကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

နက္ခတ်စုံညီတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ လမင်းရှိနေမယ့် ရာသီကတော့ Aries လို့ခေါ်တဲ့ မိဿရာသီဖြစ်ပါတယ်။ လမင်းရောက်ရှိနေတဲ့ အကွာအဝေးကတော့ ကမ္ဘာမှ မိုင်ပေါင်း ၂၄၄၀၀၀ အကွာမှာ ဖြစ်ပါတယ်။ (စူပါမွန်း မဖြစ်ပါ။)

လမင်းကြီးအနီးက ပြိဿတာရာအတွင်း (ဖျောက်ဆိပ်ကြယ်စုအနီး) မှာ ကြယ်မိုးရွာခြင်း (ကြယ်ကြွေခြင်း) တွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ကြယ်တွေဟာ တစ်နာရီကို (၅) လုံးခန့် ဒေါင်လိုက် ကျဆင်းမှာဖြစ်လို့… အန္တရာယ်ကင်းသော အမှောင်ကောင်းကောင်းကနေ စောင့်ကြည့်လို့ ရပါတယ်။

အားလပ်ရက်မှာ မိသားစုနှင့်အတူ ပျော်ရွှင် ပြည့်စုံသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ…

အနာဂတ်ပညာရေးအတွက် ဆက်လက်ကြိုးစားမည့်…

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Unicode