သေမင်းကို လက်ခမောင်းခတ်ကာ စောင့်မျှော်နေတဲ့ အသက်တစ်ရာကျော်အဘိုး

ပရိသတ်ကြီးတို့ရေ မကြာသေးမီက ကျနော်တို့ သတင်းစာမျက်နှာကနေ အသက် ၁၂၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မြန်မာ့အသက်ကြီးဆုံး ဖိုးဖိုး အကြောင်းကို တင်ဆက်ပေးခဲ့တာ ဖတ်ရမှာပါနော်…ယခုတခါမှာလည်း အဲဒီ ဖိုးဖိုး လို အသက် ၁၀၀ ကျော်ရှိပြီဖြစ်တဲ့ ဖိုးဖိုး ဖိုးသားဒွေးအကြောင်းလေးကို တင်ဆက်ပေးချင်ကြပါတယ်နော်..

ဖိုးဖိုး ဖိုးသာဒွေးကို ဖိုးသက်ရှည်လို့လည်း ခေါ်ကြပြီးတော့ အဖိုးဟာ စစ်တောင်း ကျောက်ညှပ်ကျေးရွာမှာ သား/သမီး မြေး မြစ်တွေနဲ့ ပျော်ရွှင်စွာနေထိုင်ခဲ့ပြီး လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ မြို့သစ်မှာ သမီးတွေနဲ့ အတူ သွားရောက်နေထိုင်နေတာပဲ ဖြစ်ပါတယ်….

ဖိုးဖိုးဟာ အသက်ရာကျော်နေပြီ ဖြစ်ပေမဲ့ ကျန်းမာသန်စွမ်းပြီး သွက်လက်ဖျတ်လတ်တုန်းရှိပါသေးတယ်…. နောက်ပြီး သူငယ်ပြန်တာတွေ မရှိဘဲ ရှေးဟောင်းနှောင်းဖြစ်တွေကို အမှတ်ရဆဲဖြစ်ပြီး ကောင်းကောင်း ပြန်ပြောနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်…ဂျပန်ခေတ်နဲ့ အင်္ဂလိပ်ခေတ်ကို မီခဲ့တာကြောင့် အဲဒီခေတ်က အကြောင်းတွေကို ကောင်းကောင်းသိသူ ပြန်ပြောနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်…..ဒါ့အပြင်ဖိုးဖိုးဟာ သူ့ဘဝတစ်လျှောက်မှာ အလှူဒါနတွေပြုလုပ်ပြီး ကောင်းမှုကုသိုလ်တွေ အများကြီး ပြုလုပ်ဖြတ်သန်းခဲ့သူတစ်ဦးပါ…… ဘုရားတည် ကျောင်းဆောက် သိမ်ဆောက်နဲ့ အလှူဒါနတွေများစွာ ပြုလုပ်ခဲ့ပြီး သေရမှာကိုလည်းမကြောက် ကောင်းမှုကုသိုလ်တွေ လုပ်ပြီး သေမင်းကို လက်ခမောင်းခတ် စောင့်ဆိုင်းနေသူတစ်ဦး ဖြစ်ပါတယ်…

ခုလည်းပဲ နို့ဆီဘူးခွံ ငါးသေတ္တာခွံလေးတွေနဲ့ ဘုရား ၅ ဆူတည်မယ်လို့ ရည်မှန်းချက်ထားပြီး ဘူးခွံလေးတွေ အပေါ်မှာ အရဟံ စာလုံးလေးတွေ ရေးသားပြီး စုခဲ့တာ သူ့ ဆန္ဒအတိုင်း ဘုရား ၅ ဆူတည်နိုင်ဖို့ လိုအပ်တဲ့ အရေအတွက် ရရှိပြီပဲ ဖြစ်ပါတယ်…..

ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖို့သာ စိတ်အားထက်သန်တဲ့ ဖိုးဖိုးကတော့ လက်ရှိအချိန်မှာ အိမ်အမှတ် (၁၁၁၅)၊ (၁၂) ရပ်ကွက် ၊ အောင်မင်္ဂလာလမ်း ၊ ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်လျက်ရှိပြီး ဆက်သွယ်မေးမြန်းချင်တာတွေ ရှိရင်တော့ ဖုန်းနံပတ် (၀၉၇၉၀၂၅၃၇၅၁) ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်…..

ဖိုးဖိုးဟာ တခါတရံ စစ်တောင်း ကျောက်ညှပ်ကျေးရွာကို သွားလေ့ရှိပြီးတော့ သက်ကြီးပူဇော်ပွဲခံယူတာတွေနဲ့ အလှူအတန်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်…

“အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ” လို့ ဆိုရိုးစကားရှိပေမဲ့ ဖိုးဖိုး ဖိုးသာဒွေးကတော့ အသက်ရာကျော်အထိ နေနေရဆဲ ဖြစ်ပြီး ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုလုပ်နေနိုင်ဆဲ ဖြစ်လို့ သူများတွေ အရမ်းအားကျရတဲ့ ဖိုးဖိုးပဲ ဖြစ်ပါတယ်… ပရိသတ်ကြီးတို့လည်း ဖိုးဖိုးလို အသက်ရာကျော်ရှည်နိုင်ကြပါစေဗျာ….

Writer – HW (Shwe Yaung Lan)