“ယနေ့ ဗစ်တိုးရီးယားလေးအမှု (၆) ကြိမ်မြောက်ရုံးချိန်း”ဆရာသက္ကမိုးညို ပြော

“ယနေ့ ဗစ်တိုးရီးယားလေးအမှု (၆) ကြိမ်မြောက်ရုံးချိန်း”

၁- ၆ကြိမ်မြောက် ရုံးချိန်းဟာ သမီးငယ်လေးကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် ဝန်းရံသူတွေ များခဲ့သလို စစ်ဆေးဖို့ တရားခွင် ပြင်ဆင်ရာမှာလည်း အခက်အခဲတွေ ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ကလေးမိဘတွေကိုပါ ဝင်ခွင့်မပေးဘူးဆိုလို့ ဒေါ်ရွက်နုအောင်က တောင်းဆိုခဲ့ရာမှာ သမီးမိဘတွေအပါအဝင် သုံးယောက် ဆိုလို့ မိဘ+ ကျွန်တော် ဝင်ဖို့ ပြင်ခဲ့ပါတယ်။

နောက် နှစ်ယောက်ပဲ ဆိုလို့ မိခင်နေခဲ့ပြီး ဖခင်နဲ့ ကျွန်တော် ဝင်မယ်လုပ်တော့ မိဘနှစ်ယောက်ပဲ ဆိုပြီး ထပ်ငြင်းပါတယ်။ ဒီတော့ မိဘနှစ်ပါးပဲ ဝင်ခဲ့ရပါတယ်။ ထူးခြားချက်က နေပြည်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ဦးဖြိုးဇေယာသော်လာရောက်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းလည်း ခဏလာရောက်ခဲ့ပါတယ်။

၂- သမီးငယ်ကို ဗီဒီယို ကွန်ဖရန့်ဇင်းနဲ့ မေးတာ ဖြစ်လို့ နှစ်ဘက်ရှေ့နေ၊ တရားသူကြီးများ၊ မိဘနှစ်ပါးက တရားစီရင်တဲ့အခန်းမှာ နေရပြီး တာဝန်ပေးထားတဲ့ တရားရေးဝန်ထမ်းနှစ်ယောက်နဲ့ ကလေးရဲ့ အန်တီ၊ တခြား သမီးငယ်လေးတယောက် တို့က တခြားအခန်းမှာ ကစားရင်း စစ်မေးပါတယ်။

၃- သမီးငယ်လေးကို စစ်မေးတဲ့နေရာမှာ ပထမဆုံး (ဉာဏ်ရည်ကို စစ်တဲ့နေနဲ့) ဒါဘာလဲ မျက်လုံး၊ ဒါဘာလဲ နှုတ်ခမ်း၊ ဒါဘာလဲ ခေါင်း ဆိုတာတွေ ပြခိုင်းပါတယ်။ နောက် အရောင်တွေလည်း မှန်အောင်ဖြေနိုင်ပါတယ်။ နောက် အမှုဘက်ကို ဆွဲမေးတဲ့နေရာမှာ ဒါဘာလဲ (နောက်ပိုင်းကို ပြမေးတာ) ဖင်ဖု။ ဒါဘာလဲ (ရှေ့ပိုင်းကို ပြမေးတာ) ရှူးပေါက်တဲ့ ဖင်ဖု။ စသဖြင့် မှန်အောင် ဖြေပါတယ်။

၄- နောက် သက်သေခံ (ဂ)မှာ ပါတဲ့ ဗီဒီယိုဖိုင်ပါ ဓာတ်ပုံတွေကို ပြမေးဖို့ တောင်းဆိုတော့ အစပိုင်းမှာ ငြင်းဆိုပေမယ့် နောက်ပိုင်းမှာ ဥပဒေအရာရှိက မေးပေးသလို တရားရုံးကလည်း လက်ခံခဲ့ပါတယ်။ သက်သေခံမှာ ဝင်ခဲ့တဲ့ ဗီဒီယိုမှာ ပါတဲ့ ဓာတ်ပုံတွေကို နံပါတ်တွေ တပ်ပြီး မီးမီးဖင်ဖုလုပ်တာ ဘယ်သူလဲ မေးတဲ့အခါမှာ သေသေချာချာ ရွေးချယ်ပြခဲ့ပါတယ်။ သမီးလေးက ကိုကိုအကြီး၊ ကိုကိုအငယ်လို့ သုံးပါတယ်။ ကိုကိုအကြီးက မီးမီးရဲ့ ဒီဖင်ဖုကို လုပ်တယ်။ (လက်နဲ့ပြပြောတာ) ကိုကိုအငယ်က မီးမီး ရင်ဘတ်ကို ထုတယ် ဆိုတာမျိုးအထိ ပြောပါတယ်။ အောင်ကြီးပုံကို ပြတဲ့အခါ မသိဘူးလို့ ဖြေပါတယ်။ ဆရာမ နှင်းနုက ဒီဖင်ဖုကို ရေဆေးပေးတာ ဆိုတာအထိ (လက်နဲ့ပြပြီး) ဖြေနိုင်ပါတယ်။ တော်လိုက်တဲ့ သမီးလေးပါ။

၅- နောက် ဒီပုံတွေ မကြည့်ချင်ဘူး။ ဒီလို ကန်ပစ်လိုက် ဆိုပြီး လက်နှစ်ဘက်ကို နောက်ပြန်ထောက်ပြီး စားပွဲပုပေါ်က ပုံတွေကို ခြေထောက်နဲ့ ကန်ပစ်ပါတယ်။ အရုပ်တွေအောက်ကို ထိုးထည့်ပါတယ်။ သမီးလေးမှာ စိတ်ထဲမှာ နာကျင်မှု ကျန်နေသေးပုံပါပဲ။

၆- ဒီအပိုင်းကတော့ ကျွန်တော့် စိတ်ခံစားချက်ပါ။ ဒီလို သမီးလေးက ဖြေနိုင်တာ မျက်ရည်လည်တဲ့အထိ ခံစားရပါတယ်။ သမီးလေး အမှု အမှန်တရားပေါ်ဖို့ စိတ်ရော ကိုယ်ပါ နှစ်ပြီး ဆောင်ရွက်နေတဲ့ ဒေါ်ရွက်နုအောင်ကို ရရှိခဲ့တာ သမီးအတွက် ဘုရားမသလိုပါပဲ။ ဒါပေမယ့် ပြောဖို့ လိုတာက တရားစီရင်ရေးသည် ကျွန်တော်တို့ ထင်ထားသလို ရိုးရှင်းမနေပါ။ နောက်ဆက်ပြီး သွားရမယ့် အဆင့်ပေါင်း များစွာ ကျန်ပါသေးတယ်။ အင်မတန်ကြီးမားတဲ့ အဆင့်ကို အားယူတက်လိုက်နိုင်ပေမယ့် သွားရမယ့် ခရီးက အဝေးကြီးဆိုတာ မျက်ခြေမပြတ်စေချင်ပါ။ ဒါပေမယ့်လည်း တနေ့တော့ ရောက်ရမှာပေါ့။ နောက်ထပ် ဗစ်တိုးရီးယားလေးတွေ ပေါ်မလာစေဖို့ ဒီအမှုမှာ အမှန်တရားကို ရောက်ကို ရောက်မှ ရပါမယ်။

သက္ကမိုးညို

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*