နာမည်ကြီးကိုရီးယားဇာတ်လမ်းကားအာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု ဖြစ်ရပ်မှန်ကို ထည့်သွင်းရိုက်ကူးထား

နာမည်ကြီးကိုရီးယားဇာတ်လမ်းကားအာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု ဖြစ်ရပ်မှန်ကို ထည့်သွင်းရိုက်ကူးထား

နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ City Hunter ကို ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တိုင်းနီးပါး ကြည့်ရှုခဲ့ကြဖူးမှာပါ။ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Lee Min Ho နဲ့ Park Min Young တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှုတွေရရှိခဲဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းတွဲထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတစ်ခုကို ထည့်သွင်းရိုက်ကူးထားတာကို ပရိသတ်တွေ သတိထားမိခဲ့ကြမှာပါ။

အဲဒီသမိုင်းကြောင်းကတော့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုအကြောင်းပါပဲ။ ဇာတ်လမ်းရဲ့ အစမှာတင် တကယ့်ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်ကွက်တစ်ခုအသွင်နဲ့ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပြီး မြန်မာပရိသတ်တွေအနေနဲ့ ထိုဇာတ်လမ်းကို စတင်ကြည့်ရှုချိန်တုန်းက တကယ်ပဲ အာဇာနည်ကုန်းရဲ့ ဗုံးပေါက်ကွဲမှုကို ထည့်သွင်းရိုက်ကူးခဲ့သလားဆိုတာကို သိချင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ထိုဇာတ်လမး်ထဲမှာထည့်သွင်းရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းကို လက်လှမ်းမီသလောက် စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံသမ္မတ ချန်ဒူးဝမ်ဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို အလည်အပတ်လာရောက်ခဲ့ပါတယ်။ ထိုခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးတည်ဆောက်တည်ထားတဲ့ ရွှေတိဂုံဘုရားခြေရင်းရှိ အာဇာနည်ဗိမာန်ကိုသွားရောက်ပြီး လွမ်းသူ့ပန်းခွေချဖို့အတွက် အစီအစဉ်ထားရှိခဲ့ပါတယ်။

သမ္မတမလာရောက်ခင်မှာ သက်တော်စောင့်အချို့နဲ့ ဝန်ထမ်းတွေက အာဇာနည်ဗိမာန်ကို ဦးစွာရောက်ရှိလာခဲ့ပြီး အဲဒီအချိ်န်မှာပဲ ဗိမာန်ရဲ့ခေါင်မိုးမှာ လျှို့ဝှက်တပ်ဆင်ထားတဲ့ ဗုံး ၃ လုံးထဲမှ ၁ လုံးက စတင်ပေါက်ကွဲခဲ့ကာ ၂၁ ဦးသေဆုံးခဲ့ပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုသို့သေဆုံးခဲ့ကြသူတွေထဲမှာ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး Lee Beom Seok, စီးပွားရေးစီမံကိန်ဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် Suh Suk Joo၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုဝန်ကြီး ကင်မ်ဒုန်ဝှီးတို့လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

အခြားသေဆုံးသူများမှာ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်များ၊ သတင်းစာဆရာများနဲ့ လုုံခြုံရေးဝန်ထမ်းတို့ ဖြစ်ကြကာ အများစုမှာ တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ကြပြီး မြန်မာနိုင်ငံသား သတင်းစာဆရာ ၃ ဦးအပါအဝင် စုစုပေါင်း၄ ဦးလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုဟာ သမ္မတ ချန်ဒူးဝမ်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ဖြစ်ခဲ့သော်လည်း သမ္မတစီးနင်းလာတဲ့ကားဟာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အာဇာနည်ဗိမာန်ဆီကို အချိန်မီရောက်ခဲ့ခြင်းမရှိပဲ မိနစ်အနည်းငယ်မျှနောက်ကျပြီးရောက်ရှိခဲ့တာကြောင့် သမ္မတအနေနဲ့ ထိုဗုံးပေါက်ကွဲမှုကနေ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။

သမ္မတရောက်မလာခင်မှာ ဗုံးပေါက်ကွဲတဲ့အကြောင်းအရင်းကတော့ သမ္မတရောက်ရှိလာတယ်လို့ အထင်မှားခဲ့ပြီး ကြိုဆိုတဲ့အခရာကို မိနစ်အနည်းငယ်မျှကြိုပြီး နှိပ်ခဲ့မိတာကြောင့်ဖြစ်ပါတယ်။ လုပ်ကြံတဲ့သူကတော့ မြောက်ကိုရီးယားအကြမ်းဖက်သမားဖြစ်ပြီး အကြမ်းဖက်သမားဟာ အာဇာနည်ကုန်းအနီး ဦးဝိစာရလမ်းမပေါ်ရှိ မော်တော်ဆားဗစ်ဝင်းအတွင်းမှာ မော်တော်ကားပြုပြင်ဟန်ဆောင်ပြီး အခရာသံကိုကြားတဲ့အခါမှာတော့ ဗုံးကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒီနောက်မှာတော့ မြန်မာအစိုးရဘက်မှ မသင်္ကာသူ ၃ ဦးအား ဖော်ထုတ်ခဲ့ပြီး ၎င်းတို့မှာ မြောက်ကိုရီးယားမှ ဗိုလ်မှူးတစ်ဦး နှင့် ဗိုလ်ကြီးတစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအစိုးရရဲ့စုံစမ်းမှုအရ သူတို့တွေဟာ ရန်ကုန်ဆိပ်ကမ်းမှာ ဆိုကပ်ထားတဲ့ သင်္ဘောတစ်စင်းပေါ်မှ တိတ်တဆိတ်ဆင်းသက်လာခဲ့ကြတာဖြစ်ပြီး မြောက်ကိုရီးယားသံရုံးမှ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများကိုရယူခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီ ၃ ယောက်ထဲမှ ကင်မေချူး နှင့် အခြားတစ်ယောက်တို့မှ လက်ပစ်ဗုံးဖြင့် မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားခဲ့သော်လည်း မသေဘဲအဖမ်းခံခဲ့ရပြီး ကင်မေချူးမှာ လက်တစ်ဖက် ပြတ်ခဲ့ရပါတယ်။ ကင်မေချူးကတော့ အာဇာနည်ကုန်းခေါင်မိုးမှာ ဗုံးတက်ချိတ်သူလို့သိရပြီး တတိယမြောက် မသင်္ကာသူတစ်ဦးဖြစ်သော ဇင်ဘိုမှာ မြောက်ကိုရီးယားမှ လာရောက်ခေါ်ဆောင်မည့် ရေငုပ်သင်္ဘောရှိရာသို့ ထွက်ပြေးတယ်ဟု ယူဆရသော်လည်း ပုဇွန်တောင်ချောင်းအနီးတွင် အဖမ်းခံခဲ့ရပါတယ်။

သို့သော်လည်း သူဟာ အဖမ်းမခံရမီအချိန်မှာ မြန်မာ စစ်သား ၃ ဦးကို သတ်ပစ်ခဲ့တယ်လို့သိရပြီး သူ့အား ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။ ကင်မေချူးကတော့ မြောက်ကိုရီးယားနဲ့ ဆက်နွယ်နေမှုရှိနေတယ်ဆိုတာကိုဝန်ခံခဲ့ပြီး အစိုးရသက်သေအဖြစ် ထွက်ဆိုခဲ့သဖြင့် သေဒဏ်မှလွတ်ကင်းခွင့်ရခဲ့ပြီး ထောင်တစ်သက်ချမှတ်ခြင်းခံခဲ့ရပါတယ်။ အခြား ၂ ယောက်တော့ ကြိုးပေးအသတ်ခံခဲ့ရတယ်လို့ ဆိုကြပါတယ်။ မြောက်ကိုရီးယားကတော့ ကင်မေချူးဟာ သူတို့နှင့်ပတ်သက်ခြင်း မရှိကြောင်းကို ငြင်းဆိုခဲ့ပါတယ်။ ကင်မေချူးကိုတော့ အင်းစိန်ထောင်တွင် အကျဉ်းချထားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် မြန်မာအစိုးရက မြောက်ကိုရီးယားသံအဖွဲ့ကို မောင်းထုတ်ခဲ့ပြီး မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

ကင်မေချူးဟာ မြန်မာနိုင်ငံမှာ သက်တမ်းအရှည်ဆုံး ထောင်ဒဏ်ကျခံခဲ့ရသော အကျဉ်းသားတစ်ဦးဖြစ်ခဲ့ပြီး ထောင်တွင်းရှိ အခြားအကျဉ်းသားများ၏ အဆိုအရ သူဟာ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ သံတမန်ဆက်ဆံရေးပြန်ရှိခဲ့သော်လည်း ကင်မေချူးဟာ မြောက်ကိုရီးယားဆီကို မပြန်ချင်ခဲ့ပါဘူး။ အကြောင်းကတော့ သူ့အား သစ္စာဖောက်အဖြစ် သတ်မှတ်ထားတာကြောင့်ဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ကလည်း လုပ်ကြံသတ်ဖြတ်မှုအတွက် သူ့ကိုတရားစွဲမည်ဖြစ်တာကြောင့် တောင်ကိုရီးယားဆီကိုလည်း မသွားချင်ခဲပါဘူး။ ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်မှာတော့ ကင်မေချူးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

သင်တို့ရော မြန်မာနိုင်ငံမှာဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုု ထည့်သွင်းရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲကို ကြည့်ဖူးခဲ့ကြပါသလား။

Credit – မိုမိုလေး