ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် (၆) လက်မကျော်မြင့်တက်၊ ရေဘေးကယ်ဆင်ရေး အသင့်ပြင်ထား

မန္တလေးမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် (၆) လက်မကျော်မြင့်တက်၊ ရေဘေးကယ်ဆင်ရေး အသင့်ပြင်ထား

ဇူလိုင်-၂၀

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေပြီး ဇူလိုင်(၂၀)ရက် နေ့လည်ပိုင်းအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်အထက် (၁၆)စင်တီမီတာ (၆လက်မကျော်)အထိ ကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမူ ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေရာ ဇူလိုင်(၂၀)ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ကမ်းနားလမ်း တာရိုးတလျှောက် ရေကျော်နိုင်သည့် အနိမ့်ပိုင်းနေရာများကို မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာနှင့် တပ်မတော်သားများ ပူးပေါင်းကာ သဲအိတ်များ ကာရံခဲ့သည်။

ထို့အပြင် မန္တလေးခရိုင်အတွင်းရှိ နှစ်စဉ်ရေဝင်နေကျ ကျောင်းများအနက်မှ ကျောင်း(၁၁)ကျောင်းကို ဇူလိုင်(၂၀)ရက်မှ စတင်ကာ ယာယီပိတ်ထားခဲ့ရပြီး အခြားကျောင်းတစ်ကျောင်းကိုမူ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ် ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရေတက်လာ၍ ယာယီပိတ်ထားရသည့် ကျောင်းများမှာ ရှမ်းကလေးကျွန်း၊ ရွှေလေး၊ ဆေးအိုးဘို၊ မြင်တော်၊ ဥယျာဉ်စသည့် ဧရာဝတီမြစ် ရေဝပ်ဧရိယာများအတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ကျောင်းအများစုမှာ မူလတန်းကျောင်းများဖြစ်ကာ အထက်တန်းကျောင်းခွဲတစ်ကျောင်း ပါဝင်သည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင်(၁၉)ရက်ညနေပိုင်းမှစတင်ကာ မန္တလေးမြို့ စိုးရိမ်ရေမှတ်ကို ကျော်လွန်မြင့်တက်နေခြင်းဖြစ်ပြီး ယနေ့(ဇူလိုင်၂၀)နေ့လည်(၂)နာရီခွဲွှချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်အထက် (၁၆)စင်တီမီတာကျော်လွန်ကာ ရေအမှတ် (၁၂၇၆)စင်တီမီတာအထိ မြင့်တက်နေခြင်းဖြစ်သည်ဟု မိုး၊ဇလဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြစ်ရေမြင့်တက်နေသော်လည်း စိုးရိမ်စရာ မရှိသလို လက်ရှိအချိန်အထိ မန္တလေးခရိုင်အတွင်း ပျက်စီးဆုံးရှုံးမူ မရှိသေး ကြောင်း လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကို မကြာခန ကျော်လွန်လေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ကလည်း စိုးရိမ် ရေမှတ် အထက် (၆၅)စင်တီမီတာ (၂၅လက်မ)အထိ ကျော်လွန်ခဲ့ကာ ရေအမှတ် (၁၃၂၅)စင်တီမီတာအထိ ရောက်ရှိခဲ့သေးသည်။

ဇူလိုင်(၂၀)ရက်က မန္တလေးကမ်းနားလမ်း တရိုးတလျှောက်ရှိ အနိမ့်ပိုင်းနေရာများကို မီးသတ်၊ စည်ပင်နှင့် တပ်မတော်သား များ ပူးပေါင်း၍ သဲအိတ်များကာရံနေစဉ်။ ဓါတ်ပုံ -အမ်တီ။

Mandalay Indepth News (လေးစားမှုဖြင့် ခရက်ဒစ်)