သေရမှာကိုကြိုသိနေသူ….

” တပည့်တော်မ ဒီနေ့ ညနေ ငါးနာရီတိတိမှာ ဆုံးမှာဖြစ်လို့ ဆရာတော်ရဲ့တရားစခန်း အလုပ်မပျက်အောင်…အိမ်ကိုပြန်ခွင့်ပြုပါဘုရား ” တဲ့။

ဆရာတော်က အေးအေးသက်သာပဲ ခွင့်ပြုလိုက်ပါတယ်။

အာနာပါန သမာဓိကနေ ဝိပသနာကို တက်ကြတဲ့ ယောဂီတချို့ဟာ ခုလိုပဲ မိမိသေမယ့်ရက်ကို ကြိုသိနေတတ်ပါတယ်။ အာနာပါန သမာဓိစွမ်းအားကြောင့် သိရတာပါ။ ယောဂီတိုင်းတော့ မသိနိုင်ပါဘူး။

သေတယ် ဆိုတာ…တရားမသိတဲ့သူတွေအတွက် အထူးအဆန်း ဖြစ်နေပေမယ့် တရားသိတဲ့သူတွေအတွက် ကတော့ အထူးအဆန်း မဟုတ်တော့ပါဘူး။

ပရမတ် ရုပ်နမ် တွေရဲ့ ခဏသေနေမှု (ခဏိကမရဏ) ကို အမြဲ ကြည့်နေတဲ့ ယောဂီ အတွက် အများက သမုတ်ထားတဲ့ တခါတရံသေမှု (သမုတိမရဏ) ဟာ အထူးအဆန်း မဟုတ်ဘူးဆိုတာ သဘာဝကျပါတယ်။

ဒါယိကာမကြီးဟာ…သမီးအငယ်ဆုံး အိမ်မှာ သေဖို့နေရာ ရွေးလိုက်တယ်။ အထုပ်အပိုးတွေနဲ့ ပြန်လာတဲ့ အမေကိုတွေ့ရတော့…သမီးငယ်က တရားစခန်း မပြီးသေးပဲ ဘာကြောင့် ထွက်လာခဲ့တာလဲလို့ မေးတော့…

” အမေ ဒီနေ့ ညနေ ငါးနာရီဆုံးမှာသမီး အမေ့ကို နောက်ဆုံးပြုစုခွင့် ရအောင်သမီးအိမ်ကို ရွေးလိုက်တာ” တဲ့။

အသက်ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့သူမျိုးက ပြောရမယ့်စကားကို ကောင်းကောင်းမွန်မွန် မာမာကျန်းကျန်းနဲ့ မိခင်က ပြောနေတာဆိုတော့သမီးငယ်က မယုံဘူး။

ဒါကြောင့် သူ့အကိုတွေ အစ်မတွေကိုတောင်သွားပြီး အကြောင်းမကြားဘူး။

မိခင်ရဲ့စကားကို မယုံပေမယ့်အမေစိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လိုအပ်တာတွေ အကုန်ပြုစုပေးတယ်။ရေမိုးချိုး ခေါင်းပါ လျှော်ပြီးတာနဲ့ ညနေ(၄)နာရီလောက်မှာ ညစာ,စားတယ်။

စားသောက်ပြီးတာနဲ့ ကုတင်တစ်လုံးကို ပြင်ခိုင်းတယ်။ ကုတင်ပေါ်ထိုင်ပြီးတာနဲ့ ဝိပဿနာတရားကို နာကြား အားထုတ်သင့်တဲ့အကြောင်းသမီးကို ရှင်းပြတယ်။

မှတ်သားစရာ အကောင်းဆုံး စကားတခွန်းကတော့…

” သမီး ရေ တချို့က-နောင်ပွင့်မယ့် အရိမေတ္တေယျဘုရားရှင်ကိုဆီမီးငါးတိုင်၊ ကြာငါးခိုင်နဲ့ လက်ဦးဖူးတွေ့ ပူဇော်ရပါလို၏လို့ဆုတောင်းလေ့ရှိကြတယ်။

ဒါပေမယ့် ခုဘဝမှာတော့…ဝိပသနာတရား နာကြာရကောင်းမှန်းရှုပွားရကောင်းမှန်း မသိကြဘူး။ ဝိပဿနာနဲ့ ပက်သက်လို့ ရုပ်နာမ်အဓိပ္ပါယ်ကိုတောင် ကျကျနန မသိခဲ့သူတွေဟာ အရိမေတ္တယျဘုရားနဲ့တွေ့လည်းတရားရဖို့ နေနေသာသာ ဘုရားမှန်းတောင် သိမှာမဟုတ်ပါဘူး။

တကယ်တော့ သမီးရယ်…တရားမြင်မှ ဘုရားမြင်တာပါ။ဂေါတမမြတ်စွာ ဘုရားဖြစ်တော်မူစကပဥ္စဝဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောရအောင် မိဂဒါဝုန်တောကို တပါးတည်း ကြွလာတယ်။လမ်းမှာ ဥပကအမည်ရှိတဲ့ တက္ကတွန်းတစ်ယောက်နဲ့ တွေ့တယ်။

ကိလေသာကင်းစင်သူတွေရဲ့ တင့်တယ်သပ္ပါယ်မှုဟာ ဘေးလူတွေအနေနဲ့ ကြည်ညိုလို့ မဝနိုင်ပါဘူး။ဒါကြောင့် ဘုရားကိုမြင်မြင်ချင်းကြည်ညို လေးစားသွားတယ်။

ဒါကြောင့် ဘယ်အမည်ရှိတယ်။ဘယ်ဆရာထံ နည်းခံပြီး တရားကျင့်တယ်ဆိုတာကို မေးမြန်းတယ်။

ဒါ့ကြောင့် ဘုရားရှင်က မာရ်ငါးပါးကိုအောင်မြင်တော်မူပြီးဖြစ်လို့ ငါ့အမည်ကို ” ဇိန ” လို့ ခေါ်တယ်။ငါ့မှာ ဆရာမရှိ ကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍သိမြင်တော်မူတော်လို့ မိန့်တော်မူပါတယ်။

ဒီအခါမှာ ဥပက က ခေါင်းလေး တစ်ငြိမ့်ငြိမ့်နဲ့ဇိန ဆိုဆာ ဟုတ်လောက်ပါတယ်လို့-မှတ်ချက်ချရင်း ဘုရားရှင်အနားက ခွာသွားတယ်။ဘာတရားမှ နာမသွားခဲ့ဘူး။

ဥပကတက္ကတွန်းဟာ…အရင် ကသပဘုရားရှင် သာသနာနောက်ပိုင်း ကာလတုန်းကဝိပသနာတရားကို နာကြားရှုပွားခြင်းမရှိပဲဂေါတမမြတ်စွာဘုရားကိုသူတပါးထက် အရင်ဖူးတွေ့ရပါလို၏ လို့ဆုတောင်းဖူးခဲ့လိမ့်မယ်။

ဒါပေမယ့် အရင်ဘဝတုန်းက တရားကိုမြင်အောင် မကြိုးစားတော့ခုဘဝမှာ ဘုရားကို မြင်တွေ့ရသော်လည်းတရားရဖို့ နေနေသာသာဘုရားမှန်းတောင် မသိခဲ့ပါဘူး။

ဒါကြောင့် သမီးလည်းဘုရားကို တကယ်မြင်ချင်ရင် အခုဘဝကတည်းကတရားကို တကယ်မြင်အောင်ဝိပဿနာကို နာကြာအားထုတ်ပါ ” တဲ့။

ဒီစကားလေးကိုပြောပြီးညနေငါးနာရီထိုးတိတိမှာပဲ ခေါင်းအုံးပေါ်အသာအယာလှဲချပြီး ပြုံးပြုံးလေး ရုပ်နာမ်ချုပ်သွားခဲ့ပါတယ်။

ပြုံးတယ်ဆိုတာကတော့…မမဲ့တာကို ပြောင်းပြန် ပြန်ပြီး ပြောနေကြတာပါ။

အမှန်ကတော့…ကြည်လင်သန့်ရှင်းတဲ့ မျက်နှာနဲ့တည်တည်ကြည်ကြည် ရုပ်နာမ်ချုပ်သွားတာပါ။

မဂ်ဖိုလ်ရမည့်သမာဓိအဆင့်အဆင့်(မယ်တော်ကြီးထံဝိပဿနာပေးစာ)စာမျက်နှာ (၁၀၇) မှ ကူးယူပူဇော်ပါသည်။

အမှောင်ပျောက်၍ အလင်းရောက်ပါစေ။

Credit:မေတ္တာရှင်(ရွှေပြည်သာ)