ထူးမြတ်လှတဲ့ ၀ါဆိုလပြည့်နေ့..( ဓမ္မစကြာနေ့) အကြောင်း

ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ထူးမြတ်လှတဲ့ ၀ါဆိုလပြည့်နေ့..( ဓမ္မစကြာနေ့) အကြောင်း

ဝါဆိုလပြည့်နေ့ ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက် ပြာဋိဟာ ဆိုသည့် အတိုင်း ဂေါတမမြတ်စွာ ဘုရားရှင်

ပဋိသန္ဓေ နေတော်မူခြင်း။

တောထွက်တော်မူခြင်း။

တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။

ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း။ ဟူသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများ ကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ထို့ပြင် ဝါဆိုလပြည့်နေ့ သည် ဘုရား အဖြစ်ကို ဝန်ခံတော်မူသော နေ့လည်း ဖြစ်သည်။ တရား ရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။

သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့ လည်း ဖြစ်သည်။ ပုထုဇဉ် ခရီးမှ အရိယာ ခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။

ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာ အတွက် လယ်ယာ လုပ်ငန်းကို ကြိုးစား လုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန် ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာ တရားတော်များ ကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း များ ပြုကြသည်။

ဝါတွင်းသုံးလတွင် အခြားကာလများ ထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည် ကြသူများအဖို့ ဝါဆိုလပြည့်နေ့ သည် အယူဝါဒ ရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။

ထူးခြားပုံမှာ ဂေါတမမြတ်စွာ ဘုရား အလောင်းတော် သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များ ဖန်ဆင်းပြရာတွင် သံဝေဂ ရ၍ တောထွက်တော်မူသောနေ့၊ ဘုရား အဖြစ်သို ့ရောက်ပြီး နောက်

ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိ မ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

ဂေါတမမြတ်စွာဘုရား သည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာ ဒေသနာတော်ကို ပ ဉ္စဝဂ္ဂီငါးဦး တို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော ၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာ အခါတော်နေ့ ဟူ၍ နိုင်ငံအစိုးရ တို့က သတ်မှတ်ထားသည် ။

ဘုရားရှင် သာသနာတော်ရှိ ရဟန်း တို့သည် ဤ ဝါဆိုလပြည့်နေ့ တွင် ဝါတွင်း သုံးလပတ်လုံး မိမိတို့၏ ကျောင်း အာရမ် အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်း သွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများ ကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအား ထုတ်လျက် ရှိစဉ် လူတို့သည် လည်း ထိုဝါတွင်းသုံးလ တွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များ ကို ကြည်ညိုခြင်း ဖြစ်လျက်

ရှစ်ရက် လပြည့်လကွယ်နေ့ များတွင် သီတင်း သီလ ဆောက်တည်၍ သူတော်ကောင်း တရား ပွားများ အားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများ ကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။

ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရား များကို ငြိမ်သက်စွာ အားထုတ်ရန် အစပြုသော ဝါဆိုလပြည့် နေ့များ တွင် လူတို့သည် ဝါကပ်ခြင်း အမှုကို ပြုကြ ကုန်သော ရဟန်း သံဃာတို့ အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန် သည်။

ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့် ဝေါဟာရများ ပေါ်ပေါက် လာသည်။မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော် တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤ ဝါဆိုလ အခါတွင် ပ ဉ္စင်းတော်ခံပွဲ များ ကျင်းပမြဲဖြစ် ၏။

ပ ဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနားနှင့် သွတ်သွင်း ချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများ ကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

၁၆.၇.၂၀၁၉ ရက်နေ့တွက် ကျရောက်မည့် ၀ါဆိုလပြည့်နေ့( ဓမ္မစကြာနေ့) အကြောင်း အား အများသူငှာသိစေဖို့ရာ ပူဇော်မျှဝေ ပေးလိုက်ပါသည်။

Source ; ဝီကီပီးဒီးယား